Showing posts with label My Diary. Show all posts
Showing posts with label My Diary. Show all posts

Monday, August 10, 2009

ဖိလစ်ပိုင်နိုင်ငံမှ ၈၈၈၈ အမှတ်တရ

Initiative for International Dialogue (IID) အဖွဲ့မှ ဦးစီးမှ ၈၈၈၈ ၂၁နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်း ၄ နာရီတွင် မနီလာမြို့၌ စတင် ကျင်းပပြီး Beyond Rangoon ရုပ်ရှင် ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့ ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈၈၈ နှင့် ရွှေဝါရောင် တော်လှန်ရေးမှ အမှတ်တရ ဓါတ်ပုံများကို အင်္ဂလိပ် ဘာသာဖြင့် ရှင်းလင်း ရေးသားထား ပါသည်။ အစီအစဉ် အခမ်းအနားတွင် တက်ရောက်လာသူများမှ မိမိတို့၏ ၈၈၈၈ အပေါ် ထင်မြင် ယူဆချက် များကို မျှဝေ ပြောကြားခဲ့ ပါသည်။ မြန်မာ ကျောင်းသူ ကျောင်းသားများနှင့် ဖိလစ်ပိုင်တွင် ရှိသော အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ဤအခမ်းအနားကို တက်ရောက်ခဲ့ပြီး တက်ရောက်သူပေါင်း အယောက် ၅၀ ခန့် ရှိပါသည်။

တက်ရောက်လာသူ ဖိလစ်ပိုင် နိုင်ငံသားများမှ ၄င်းတို့၏ အာဏာရှင် စနစ်ကို မည်သို့ မည်ပုံ တော်လှန်ခဲ့ရကြောင်း၊ ကျမတို့ မြန်မာနိုင်ငံ နှင့် ဆင်တူမှု ရှိကြောင်း ရှင်းလင်း ဝေမျှသွားခဲ့ ပါသည်။ ဖိလစ်ပိုင်သည် ယခင်က အာဏာရှင် လက်အောက်တွင် ကျရောက်ခဲ့ပြီး လူထုမှ ၁၉၈၆ ခုနှစ်တွင် တော်လှန်ခဲ့ရာ အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သည်။ ၄င်းကို People Power 1 (လူထုအုံကြွမှု သို့မဟုတ် လူထုစွမ်းအား ၁) ဟု လူသိများခဲ့ပါသည်။ ယင်းအချိန်တွင် သမ္မတ မားကို့စ် (Ferdinand Marcos) သည် တိုင်းပြည်ကို ၂၀ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး အာဏာကို ဆက်လက် ထိန်းသိမ်းထားခဲ့ ပါသည်။ သို့သော် ပြည်သူများက ၄င်းအုပ်ချုပ်မှု စနစ်ကို မနှစ်မြို့တော့ပေ။ ထို့ကြောင့် ပြည်သူတို့ ကိုယ်တိုင် ကိုယ်ကျ ရွေးချယ် တင်မြှောက်သော ခေါင်းဆောင်ကို လိုလားကျသည်။ ပြည်သူများမှ လျှပ်တပြက် ဆန္ဒမဲ ရွေးချယ်ပွဲကို တောင်းဆိုမှုကြောင့် မားကို့စ်မှ ၁၉၈၆ ခုနှစ်တွင် ၄င်းမဲရွေးပွဲကို ကျင်းပခဲ့သည်။ မားကို့စ်နှင့် အတူ ကိုရာဇံ အကွီနို (Corazon Aquino) မှ ၀င်ရောက် အရွေးခံခဲ့သည်။ သူမသည် ပြည်သူမှ ချစ်သော စီးနိတ် လွှတ်တော် အမတ် ဘီနင်းနို အကွီနို (Senator Benigno Aquino) ၏ ဇနီးပင် ဖြစ်သည်။ ဘီနင်းနို အကွီနိုကို နီးနွိုင် (Ninoy) ဟုလည်း နိုင်ငံသားများက ခေါ်ဝေါ်ကျသည်။ နီးနွိုင် အသက်ရှင်စဉ်က အာဏာရှင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သော သူတစ်ယောက် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတော်ပင် တူသည်ဟု ကျမယူဆမိပါသည်။ ထို့ကြောင့် မားကို့စ်မှ နီးနွိုင်ကို ဤဖိလစ်ပိုင်နိုင်ငံမှနေ၍ အမေရိကန်သို့ နှလုံးခွဲစိတ်မှုနှင့်အတူ ပြည်နှင်ဒဏ် ပေးလိုက်သည်။ သို့သော် ၁၉၈၃ သြဂုတ်လ ၂၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံကို ပြန်လာခဲ့ရာ လေဆိပ်တွင်ပင် ပစ်သတ် လုပ်ကြံခံခဲ့ ရသည်။ လူထု၏ အခဲမကြေမှုသည် ဤသည်ကပင် စတင်ခဲ့သည်ဟု ဆိုရမည်။ နောင် ၃နှစ် ကြာသော် လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့ပြီး လူထုမှ အနိုင်ရရှိခဲ့ကာ ဖိလစ်ပိုင်မှ ပထမဦးဆုံး အမျိုးသမီး သမ္မတအဖြစ် ကိုရာဇံ အကွီနိုမှ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။

ဖိလစ်ပိုင်၏ လူထု လှုပ်ရှားမှုသည် အင်မတန် နှစ်ထောင်း အားရဖွယ် ကောင်းလှသည်။ ကျမတို့အတွက် အများကြီး အတုယူဖွယ်ရာ ဖြစ်သည်။ သို့သော် သူတို့ကို အုပ်ချုပ်သော အာဏာရှင်သည် လူသားဆန်သော စိတ်ထားရှိသည်ဟု ဆိုရမည်။ ထို့ကြောင့် သူတို့ အောင်မြင်ခဲ့ရသည်။ အရေးကြီးဆုံး အချက်မှာ စစ်တပ်က ပြည်သူဘက်မှ ရပ်တည် ပေးလိုက် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျမတို့ မြန်မာနိုင်ငံသည်လည်း နောင်တစ်နေ့တွင် စစ်တပ်မှ ပြည်သူဘက်မှ ပူးပေါင်းပါဝင်မည် ဆိုလျှင် ပြောဖွယ်ရာပင် ရှိမည်မထင်။ အောင်မြင်မှာကတော့ မုချပင်။ သို့သော် ခက်သည်မှာ စစ်တပ်က ပြည်သူနှင့် အတူ ပူးပေါင်းပါဝင်မည့် အလားအလာကို လားလားမျှ မတွေ့ရခြင်းပင် ဖြစ်သည်။



သို့သော် ကျမကို အားပေးနေသော စကားလေးတစ်ခွန်း ဖြစ်သည်။ ဤသည်မှာ ကမ္ဘာတ၀ှမ်းမှ လေးစားရသော အိန္ဒိယမှ လွတ်လပ်ရေးဖခင်ကြီး ဂန္ဒီ ၏ စကားလေးပင် ဖြစ်သည်။ သူပြောခဲ့သည်မှာ impossible is possible ဆိုသည့် စကားလေးပင် ဖြစ်သည်။ မဖြစ်နိုင်ဘူးလို့ လူတွေထင်ထားတဲ့ အရာဟာ တစ်နေ့မှာ ဖြစ်လာတယ် ဆိုတာကို လူသားအားလုံး သိစေချင်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အဘယ့်ကြောင့် ဤတန်းဖိုးဖြတ်၍ မရသော စကားတစ်ခွန်းကို ပြောခဲ့ရသနည်း။ ယင်းကာလအတွင်း ဗြိတိသျှတို့မှ အိန္ဒိယကို အုပ်ချုပ်ခဲ့သည်။ တိုင်းပြည်မှ လူအများစုသည် ကိုလိုနီ လက်အောက်တွင် ဆင်းရဲနွမ်းပါး ခဲ့ရသည်။ ၄င်းကို တော်လှန်မည်ဆိုသည်မှာ မတွေးဝံ့သည် အိပ်မက်ပင် ဖြစ်သည်။ သို့သော် ဇွဲရှိရှိဖြင့် အကြမ်းမဖက်သော နည်းဖြင့် ဗြိတိသျှကို တော်လှန်ခဲ့ရာ တကမ္ဘာလုံးမှ မထင်မှတ်ထားသော တော်လှန်တိုက်ပွဲကြီးသည် အောင်မြင်ခဲ့ရသည်။

ထို့ကြောင့် ကျမတို့တွင် မျှော်လင့်ချက် ရောင်ခြည်ဦး သန်းနေပါသည်။ ဆက်လက် ချီတက်ရန်မှာ ကျမတို့ ကျောင်းသူ ကျောင်းသားများနှင့် မြန်မာ ပြည်သူ ပြည်သား အပေါင်းတွင် တာဝန်ရှိပါသည်။ ချီတက်မည့် ပုံစံမှာ ယခင် ချီတက်ပုံနှင့် တူချင်မှ တူမည်။ တမျိုးတဖုံ ပြောင်းလဲသွားမည်။ သို့သော် ဦးတည်ချက် ကတော့ တစ်ခုတည်းပဲ ရှိနေမည်။ ဤသည်မှာ မြန်မာပြည်သည် အေးချမ်း သာယာ၍ တရားမျှတသော နိုင်ငံတော် တည်ဆောက်ရေးပင် ဖြစ်ပါသည်။

ကျဆုံးလေပြီးသော အာဇာနည် ရဲဘော်များ နှင့်တကွ ယခုလက်ရှိ ဆက်လက် တိုက်ပွဲဝင် နေသော အာဇာနည် အပေါင်းအား ဤ စာစီ စာကုံးလေးဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

မြန်မာ ပြည်သူ ပြည်သား အပေါင်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။





Thursday, July 16, 2009

အာဇာနည်နေ့ ဒို့မမေ့

သူငယ်ချင်းတွေ နဲ့ စကားစမြည် ထိုင်ပြောရင်း အာဇာနည်နေ့နဲ့ နီးကပ်လာပြီ ဆိုတဲ့ အကြောင်း တယောက်နဲ့ တယောက် ပြောမိနေ ကြတယ်။ ကျမတို့ မူလတန်း ဘ၀တုန်းက အာဇာနည်နေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်း နှောင်းဖြစ် အကြောင်းတွေကို လွမ်းမောစွာ ပြောမိနေ ကြသေးတယ်။

ကျမ ငယ်ငယ်တုန်းက မှတ်မိနေသေးတယ်။ ကျောင်း စာသင်ခန်း မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပတ်သက်တဲ့ ကဗျာတွေ သမိုင်းကြောင်းတွေ သင်ယူ လေ့လာ ရတယ်။ အာဇာနည်နေ့ ရောက်ပြီ ဆိုရင် ကျောင်းမှာ ကဗျာ၊ စာစီ စာကုံး နဲ့ ပန်းချီ စတာတွေ ပြိုင်ပွဲ လုပ်လေ့ ရှိတယ်။ ပြီး နောက်တစ်ခုက အာဇာနည်နေ့ဆို ဌာန ဆိုင်ရာ ရုံးတွေ က ဥသြ ဆွဲသံတွေ ကြားရတယ်။ ဒါတွေ အားလုံးဟာ ကျမတို့ မြန်မာနိုင်ငံသား အားလုံး လွတ်လပ်ရေး ရရန် အတွက် အဆမတန်သော အသက် သွေးချွေး များစွာ ပေးဆပ် ရင်နှီးသွားသော လွတ်လပ်ရေး ဖခင် ကြီး ဗိုလ်ချုပ် အောင်ဆန်း နဲ့တကွ အခြားသော အာဇာနည် များကို ဂုဏ်ပြု အောက်မေ့တဲ့ လှုပ်ရှားမှု လေးတွေ ဖြစ်ပါတယ်။ ပြည်သူ လူထုကြားထဲက သိသိသာသာ ရှိလှတဲ့ မြင်ကွင်းလေးတွေ ဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေဟာ ကျမ မူလတန်း အရွယ် ရဲ့ မြင်ခဲ့ရတဲ့ လှုပ်ရှားမှုတွေပါ။

ကျမ မူလတန်း ဘ၀က ကျော်လွန်လို့ ၈၈၈၈ အရေး အခင်း ပြီးတဲ့ နောက်မှာ အဲဒီလိုမျိုး ပြုလုပ် တာလည်း မရှိတော့ဘူး။ တစတစ နဲ့ ပြည်သူ လူထုရဲ့ မြင်ကွင်းမှာ တဖြည်းဖြည်း နဲ့ မှေးမှိန်စ ပြုလာပြီ ဆိုတာ မြန်မာပြည်သူ ပြည်သာ တိုင်း သတိပြုမိ လိမ့်မယ်လို့ ကျမ ယူဆမိပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေကြေးတွေ ပြည်သူ ကြားထဲမှာ လုံးဝ အသုံးပြုခြင်း မရှိတော့ဘူး ဆိုတာကိုလည်း အားလုံး သတိပြု မိမှာပါ။ ဒါတွေဟာ သမိုင်းကို ကြိုးစားပြီး ဖျောက်ဖို့ လက်တွေ့ အကွက် ကျကျ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

သို့သော်.... သမိုင်းကို ဘယ်လောက်ပဲ ကြိုးစားပြီး ဖျောက်ဖျက် နေပါစေ ပြည်သူတွေရဲ့ ရင်ထဲမှာ အစဉ်ရှိ နေတယ် ဆိုတာ မေ့ထားလို့ မရသေးတဲ့ အရာပါ။ အခု ခောတ်ရဲ့ နည်းပညာ တိုးတက်မှု အောက်မှာ ကျမတို့ ခောတ်လူငယ်တွေ မိမိတို့ရဲ့ အရေးပါလှတဲ့ အာဇာနည် ပုဂ္ဂိုလ်များကို မြန်မာ ပြည်သူ ပြည်သားတွေ ကြားမှာ ပြန်လည် နေရာယူဖို့ အချိန်ရောက်လို့ နေပါပြီ။ သမိုင်းကို ဘယ်လိုပဲ ဖျောက်ဖျောက် စစ်မှန်တဲ့သမိုင်းဆိုတာ ရှိနေမှာပဲ ဆိုတာ ကျမတို့ လူငယ်တွေ သက်သေထူရအောင်။

ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ ဂုဏ်ပြုထားတဲ့ ကဗျာ လေးတွေကို အောက်မှာ ကျမ ပူးတွဲပြီး ပို့စ် လိုက်ပါတယ်။ နာမည်ကျော် မြန်မာ စာပေ အနုပညာရှင် တွေက လက်စောင်း ထက်ထက်နဲ့ ဖော်ကျူး ရေးသား ထားပါတယ်။ အဲဒီခောတ် အဲဒီအခါက လှလှပပ တင်ဆက် ထားတဲ့ စာပေ အရေးအသား အသုံးအနှုန်း လေးတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး ယခုခောတ်နဲ့ မတူ တမူထူးခြားပုံကိုလည်း လေ့လာ ခံစားရမှာ ဖြစ်ပါတယ်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် အပေါင်းတို့အား အောက်မေ့ သတိရလျက်......

general-aung-san-poems

Wednesday, July 1, 2009

အနုပညာရသမြောက်သော ညနေခင်းလေး

ကျမတို့ကျောင်းမှာ INSA (International Network for Social Action) ဌာနက အမတစ်ယောက် ကျမတို့ မြန်မာ သူငယ်ချင်းတစ်ယောက်ကို စကားလက်ဆောင်ပါးလာတယ်။ အဲဒါကတော့ ၂၁ ဇွန် ၂၀၀၉ မှာ ဖိလစ်ပိုင်က Indigenous တွေ Manila Bay နားက CCP (Culture Center of the Philippines) မှာလာပြီး ကပြကြမယ်တဲ့။ ပထမတော့ အိမ်က သူငယ်ချင်းတွေ မသွားလို့ ကျမလည်း သွားဖို့စိတ်အားမသန်ဘူး။ ဒါပေမယ့် ဖိလစ်ပိုင်မှာ နေတုန်း သူတို့ရဲ့ တိုင်းရင်းသားရိုးရာ အကကို အနည်းဆုံးတစ်ခေါက်တော့ သွားလေ့လာ သင့်တယ်လို့ ကိုယ့်ကိုကိုယ် ယူဆမိတယ်လေ။ ဒါနဲ့ မြန်မာသူငယ်ချင်း ၂ယောက်ရယ်၊ အီသီယိုးပီးယားက သူငယ်ချင်း ၁ယောက်ရယ် ပြီးတော့ ကျမအပါအ၀င် လေးယောက်သွားကြည့်ဖြစ်ကြတယ်။


ကျမတို့အဖွဲ့တွေ Manila ရဲ့ traffic မှာ ပိတ်မိလို့ နည်းနည်းနောက်ကျသွားတယ်။ ရောက်ရောက်ချင်းအ၀င်ဝမှာ ကိရိယာကလေးတစ်ခုနဲ့ ကိုယ်အပူချိန်ကို တိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ H1N1 ရှိမရှိ ပွဲလာပရိသတ်ကို စစ်ဆေးနေတာပါ။ စစတုန်းကတွေးထားတာကတော့ ဓါတ်ပုံတွေ ရိုက်ပြီးမှတ်တမ်းတင်ခဲ့မယ်ပေါ့။ နောက်တော့ အတွေးနဲ့ လက်တွေ့ တက်တက်စင်အောင်လွဲခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတစ်ယောက် ကင်မရာယူသွားမလို့လုပ်တာ lady guard က မယူရဘူးတဲ့။ ဒါနဲ့ ကင်မရာကို ဂိတ်မှာထားခဲ့ရတဲ့အတွက် ကြောင့် ရိုးရာဖျော်ဖြေတင်ဆက်မှု ဓါတ်ပုံတွေကို မယူခဲ့ရဘူးလေ။ Sayang! (ဆိုးလိုက်တဲ့အဖြစ်။)

ကျမတို့ CCP အထဲ ကိုရောက်တဲ့အချိန်မှာ ပွဲကစနှင့်နေပါပြီ။ ဖျော်ဖြေတင်ဆက်နေတဲ့အချိန်မှာ ပရိသတ်တွေကို ၀င်ခွင့်မပြုပါဘူး။ အနှောက်အယှက်ပြုမှာစိုးလို့နဲ့တူပါတယ်။ ဖျော်ဖြေတင်ဆက်မှုတစ်ခုနဲ့တစ်ခုအကြား ခဏရပ် သွားတဲ့အချိန်မှာ ကျမတို့ကို ၀င်ခွင့်ပြုခဲ့ပါတယ်။



ဝင်ဝင်ချင်းမှာပဲ သူတို့ရဲ့ တိုင်းရင်းသား ၀တ်စုံတွေကို ၀တ်ဆင်ပြီး အနုပညာကို ရသခံစားမှုအပြည့်နဲ့ တင်ဆက် နေတာကို တွေ့ရပါတယ်။ ကျမကို ဆွဲဆောင်တဲ့အရာကတော့ သူတို့ရဲ့ ၀တ်စုံတွေပေါ့။ ကျမတို့ မြန်မာတိုင်းရင်း သားတွေရဲ့ ၀တ်စုံနဲ့ တအားတူပါတယ်။ ကျမသူတို့ကို တွေ့တာနဲ့ အမိမြန်မာပြည်ကို ပြောမပြတတ်အောင် လွမ်းမိပါတယ်။ ကျမလေ့လာမိသလောက်ကတော့ ဘယ်နိုင်ငံမှာမဆို တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ၀တ်စား ဆင်ယင်ပုံနဲ့ ယဉ်ကျေးမှုအကတွေက ဆင်တူယိုးမှားရှိနေတာပါပဲ။


အဲဒီအကထဲက အကအဖွဲ့တစ်ဖွဲ့ ၀တ်စုံကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ နာဂ တိုင်းရင်းသားလူမျိုးရဲ့ ၀တ်စုံနဲ့ တအားတူပါတယ်။ သူတို့ကတဲ့အခါမှာ သတ္တုမောင်းကို ထုပြီးကလေ့ရှိပါတယ်။ အင်မတန်မှ လှပတဲ့ အနုပညာ တင်ဆက်မှုဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုက သူတို့ခါးမှာ စည်းထားတဲ့ ပိတ်အနီလေးက ကျမတို့ ကရင်ခေါင်း ပေါင်း နဲ့ တအားကို တူပါတယ်။

တိုင်းရင်းသားအကတစ်ခုထဲနဲ့တင်ဆက်တာမဟုတ်ပါဘူး။ အနောက်တိုင်းဂီတကို တိုင်းရင်းသား ယဉ်ကျေးမှု အနုပညာအက နဲ့ ရောနှောလိုက်တဲ့အတွက် အင်မတန်မှ ချစ်စရာကောင်းသွားတာကို တွေ့ရပါတယ်။ အနောက်တိုင်းတေးဂီတကို ဦးဆောင်တဲ့အဖွဲ့ကတော့ ဒီအခမ်းအနားကို ကမကထပြုလုပ်တဲ့ cartwheel foundation အဖွဲ့ပဲဖြစ်ပါတယ်။ cartwheel foundation အဖွဲ့ကတော့ အမေရိကန်လာတဲ့သူတွေပဲဖြစ်တယ်။ သူတို့ကတော့ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ။ တိုင်းရင်းသားလေးတွေကတော့ အသားမဲမဲ နဲ့ အရပ်ပုပု။ ဒါပေမယ့် ခွဲခြားဆက်ဆံမှုတွေ ဒီအနုပညာဖျော်ဖြေပွဲအတွင်း အရိပ်အရောင်တွေရှိမနေပဲ ချစ်ကြည်ရင်းနှီးစွာ တင်ဆက်နေတာကို လှလှပပ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ခေါင်းစဉ်ကတော့ culture in harmony ပဲဖြစ်ပါတယ်။ တော်တော်လေးကို မြူးကြွ မြိုင်ဆိုင်လို့နေပါတယ်။ သူတို့တင်ဆက်တဲ့ အချိန်မှာဆိုရင် ပရိသတ်က သူတို့ ကတဲ့အတိုင်းလိုက်ပြီးလက်ခုပ်တီးနေပါတယ်။



အဲဒီပွဲမှာ တယောအဖွဲ့ကြီးတစ်ဖွဲ့လည်း ပါဝင်ပါသေးတယ်။ သူတို့ကတော့ သီးသန့်ပဲ တင်ဆက်ပါတယ်။ အားလုံးကတော့ ဖိလစ်ပိုင်သားတွေပါပဲ။ အရွယ်မျိုးစုံအလိုက် ပါဝင်ပြီး အားရပါးရကို တီးခတ်ဖျော်ဖြေနေ ပါတယ်။ အငယ်ဆုံးက ရ နှစ် သို့မဟုတ် ဂ နှစ် ပဲရှိအုံးမယ် ထင်ပါတယ်။ အစက ထင်ထားတာ သူတို့တွေပဲတီးခတ်မယ်ပေါ့။ နောက်တော့ ဘယ်ဟုတ်မလဲ။ အမျိုးသမီးကလေးတစ်ယောက်က ဂျိုင်းထောက် တဖက်ကို အားပြုပြီး စင်ရှေ့ကို လျှောက်လာပါတယ်။ ပြီးတော့ အနုပညာတီးခတ်သံနဲ့အညီ သူမရဲ့ မျက်နှာနေ မျက်နှာထားလေးကို အမျိုးမျိုးပြောင်းပြီး အားမာန်အပြည့်နဲ့ ခံစားသီဆိုနေပါတယ်။ သူရဲ့စာသားလေးကို နားလည်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် နားဆင်နေစဉ် အတောအတွင်း သူ့ကိုကျမကြည့်ပြီး အလိုလို မျက်ရည်ဝဲတက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ဘ၀ကို အရှုံးမပေးပဲ အရာတစ်ခုမှာ ထူးချွန်အောင် စွမ်း ဆောင်ပြနိုင်လို့ပါပဲ။ အင်မတန် ခွန်အားရခဲ့ပါတယ်။ ပွဲအပြီးမှာ ကျမသူ့ကို သွားပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

အဲဒီပွဲမှာ တခြားကျောင်းက မြန်မာကျောင်းသားလေးတွေလည်း လာကြည့်ကျပါတယ်။ သူတို့လည်းကျမကို တွေ့ရော မြန်မာပြည်လည်း ဒီလိုလုပ်ရင်ကောင်းမယ်လို့ပြောလာတယ်။ ကျမလဲ ဒီလိုမျိုး ထပ်ထူခံစားမိတယ် လေ။ ဘာလို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စု အစိတ်သေးသေးလေးတွေများတဲ့ နိုင်ငံလေ။ ဒီလိုပွဲမျိုးလုပ်လိုက်ရင် တအားကို ကြည့်ကောင်းမယ်။ ပြီးတော့ တိုင်းရင်းသားလူမျိုးလေးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်တယ်လေ။


ဖိလစ်ပိုင်မှာ၂၁ ရက်နေ့ညဟာ ကျမအတွက် အမှတ်ရစရာ မမေ့နိုင်သော နေ့တစ်နေ့ဖြစ်တယ်။ ပြီးတော့ ဖိလစ်ပိုင်က indigenous နဲ့ cartwheel foundation အဖွဲ့အတွက်လည်း ကျမအများကြီး ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ သူတို့ရဲ့ အကွက်ကျကျ ဖန်တီးမှုနဲ့ စီစဉ်ညွှန်ကြားနိုင်မှုတို့ကို များစွာလေးစားမိတယ်။ နောက်နောင် လည်း ဒီထက်ဆထက်ထမ်းပိုးများစွာ ဆောင်ရွက်ပြီး အောင်မြင်ကျော် ကြားနိုင်ပါစေ။

Thursday, April 16, 2009

Studying in the Philippines

Before going to the Philippines, I just only knew about people are friendly and very Americanized. Then, what I understood of my school was girl college. That's it. Aside from those information, I did not know any further. The more I stay and study, the better I appreciate the Philippines' education, my college, and people around me.

During my first semester, I had so many challenges such as homesick, language barrier, educational system and so forth. However, teachers from Miriam College are so kind and helpful to me. Since they knew I was from Burma, they were ready to help me especially in academic. I was achieving attention from my teachers and classmates. Therefore, I feel that my college is like my home and family year by year.

When I look at my school, it is not very big including estimate 8000 students. Compared to other school, my school is quite small. Therefore, I am skeptical whether my college can give good education or not. At the end of the day, it absolutely eradicates my doubt and shapes me to become a bright, mature, and leader in my community one day. Personally, I can see my improvement which I did not expect such as reading, writing, thinking, and speaking.

I am so proud to be a Miriam student because I have the opportunity to study here which is one of the top ten school in nationwide. Moreover, Philippines is one of the top ten in gender equality all over the world. Therefore, I believe that studying and living in Philippines envision me to see more the social equality between men and women which I rarely see in my community such as lady guard, women tricycle drivers and so forth. After graduating, I could utilize these experience and knowledge effectively along with Burmese traditional way.

All in all, I was blessed and believed that I have a great opportunity which even every Filipino does not have to study in my college due to the financial disparities. With the opportunity and education, I would like to extend my acknowledge to all of my approachable professors, helpful classmates and those who I forgot to express the name here. You will be in my history forever.