Thursday, July 16, 2009

အာဇာနည်နေ့ ဒို့မမေ့

သူငယ်ချင်းတွေ နဲ့ စကားစမြည် ထိုင်ပြောရင်း အာဇာနည်နေ့နဲ့ နီးကပ်လာပြီ ဆိုတဲ့ အကြောင်း တယောက်နဲ့ တယောက် ပြောမိနေ ကြတယ်။ ကျမတို့ မူလတန်း ဘ၀တုန်းက အာဇာနည်နေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်း နှောင်းဖြစ် အကြောင်းတွေကို လွမ်းမောစွာ ပြောမိနေ ကြသေးတယ်။

ကျမ ငယ်ငယ်တုန်းက မှတ်မိနေသေးတယ်။ ကျောင်း စာသင်ခန်း မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပတ်သက်တဲ့ ကဗျာတွေ သမိုင်းကြောင်းတွေ သင်ယူ လေ့လာ ရတယ်။ အာဇာနည်နေ့ ရောက်ပြီ ဆိုရင် ကျောင်းမှာ ကဗျာ၊ စာစီ စာကုံး နဲ့ ပန်းချီ စတာတွေ ပြိုင်ပွဲ လုပ်လေ့ ရှိတယ်။ ပြီး နောက်တစ်ခုက အာဇာနည်နေ့ဆို ဌာန ဆိုင်ရာ ရုံးတွေ က ဥသြ ဆွဲသံတွေ ကြားရတယ်။ ဒါတွေ အားလုံးဟာ ကျမတို့ မြန်မာနိုင်ငံသား အားလုံး လွတ်လပ်ရေး ရရန် အတွက် အဆမတန်သော အသက် သွေးချွေး များစွာ ပေးဆပ် ရင်နှီးသွားသော လွတ်လပ်ရေး ဖခင် ကြီး ဗိုလ်ချုပ် အောင်ဆန်း နဲ့တကွ အခြားသော အာဇာနည် များကို ဂုဏ်ပြု အောက်မေ့တဲ့ လှုပ်ရှားမှု လေးတွေ ဖြစ်ပါတယ်။ ပြည်သူ လူထုကြားထဲက သိသိသာသာ ရှိလှတဲ့ မြင်ကွင်းလေးတွေ ဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေဟာ ကျမ မူလတန်း အရွယ် ရဲ့ မြင်ခဲ့ရတဲ့ လှုပ်ရှားမှုတွေပါ။

ကျမ မူလတန်း ဘ၀က ကျော်လွန်လို့ ၈၈၈၈ အရေး အခင်း ပြီးတဲ့ နောက်မှာ အဲဒီလိုမျိုး ပြုလုပ် တာလည်း မရှိတော့ဘူး။ တစတစ နဲ့ ပြည်သူ လူထုရဲ့ မြင်ကွင်းမှာ တဖြည်းဖြည်း နဲ့ မှေးမှိန်စ ပြုလာပြီ ဆိုတာ မြန်မာပြည်သူ ပြည်သာ တိုင်း သတိပြုမိ လိမ့်မယ်လို့ ကျမ ယူဆမိပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေကြေးတွေ ပြည်သူ ကြားထဲမှာ လုံးဝ အသုံးပြုခြင်း မရှိတော့ဘူး ဆိုတာကိုလည်း အားလုံး သတိပြု မိမှာပါ။ ဒါတွေဟာ သမိုင်းကို ကြိုးစားပြီး ဖျောက်ဖို့ လက်တွေ့ အကွက် ကျကျ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

သို့သော်.... သမိုင်းကို ဘယ်လောက်ပဲ ကြိုးစားပြီး ဖျောက်ဖျက် နေပါစေ ပြည်သူတွေရဲ့ ရင်ထဲမှာ အစဉ်ရှိ နေတယ် ဆိုတာ မေ့ထားလို့ မရသေးတဲ့ အရာပါ။ အခု ခောတ်ရဲ့ နည်းပညာ တိုးတက်မှု အောက်မှာ ကျမတို့ ခောတ်လူငယ်တွေ မိမိတို့ရဲ့ အရေးပါလှတဲ့ အာဇာနည် ပုဂ္ဂိုလ်များကို မြန်မာ ပြည်သူ ပြည်သားတွေ ကြားမှာ ပြန်လည် နေရာယူဖို့ အချိန်ရောက်လို့ နေပါပြီ။ သမိုင်းကို ဘယ်လိုပဲ ဖျောက်ဖျောက် စစ်မှန်တဲ့သမိုင်းဆိုတာ ရှိနေမှာပဲ ဆိုတာ ကျမတို့ လူငယ်တွေ သက်သေထူရအောင်။

ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ ဂုဏ်ပြုထားတဲ့ ကဗျာ လေးတွေကို အောက်မှာ ကျမ ပူးတွဲပြီး ပို့စ် လိုက်ပါတယ်။ နာမည်ကျော် မြန်မာ စာပေ အနုပညာရှင် တွေက လက်စောင်း ထက်ထက်နဲ့ ဖော်ကျူး ရေးသား ထားပါတယ်။ အဲဒီခောတ် အဲဒီအခါက လှလှပပ တင်ဆက် ထားတဲ့ စာပေ အရေးအသား အသုံးအနှုန်း လေးတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး ယခုခောတ်နဲ့ မတူ တမူထူးခြားပုံကိုလည်း လေ့လာ ခံစားရမှာ ဖြစ်ပါတယ်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် အပေါင်းတို့အား အောက်မေ့ သတိရလျက်......

general-aung-san-poems

Sunday, July 12, 2009

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများအတွက် သတင်းကောင်း

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်းလို့ ပြောလို့ ရပါတယ်။ အခု ထိုင်းက တရားဝင် အလုပ်သမား ကဒ်ကို ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ အရင်တုန်းက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ အင်မတန် မျက်နှာငယ် အနှိမ်ခံ ဘ၀နဲ့ နေလာခဲ့တာ တချို့ဆို တော်တော်ကို ကြာခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် သူတို့မှာ ဘာ တရားဝင်ကဒ် မှ မရှိတဲ့ အတွက် အခွင့်အရေးနဲ့ ပတ်သက်လို့ တောင်းဆိုတဲ့အခါမှာ အင်မတန် ခက်ခဲခဲ့ရပါတယ်။

သူတို့ဘ၀ရဲ့ အချိန် တော်တော် များများမှာ ပုလိပ်ဖမ်းမှာကို ကြောက်ရင်းနဲ့ အသက်ရှင်နေရတာပါ။ ပုလိပ်ဖမ်းမှာ တစ်ခုတည်း ကြောက်ရတာ မဟုတ်ပါဘူး။ အလုပ်ရှင်က ကိုယ့်ကို လခ မှန်မှန် မပေးတဲ့ ပြဿနာ ကလည်း နေ့စဉ်နဲ့အမျှ ဒုနဲ့ဒေးပါ။ တချို့ဆိုရင် ထိုင်းလူငယ် လမ်းသရဲ မူးယစ် ဆေးစွဲတဲ့သူနဲ့ တွေ့ရင် အလိုလိုနေရင်း အစော်ကားခံရ၊ ပိုက်ဆံအလုခံရနဲ့ တကယ်ကို မဟာ့မဟာ အနေမချောင် အစားမချောင် တဲ့ ဘ၀ပါပဲ။ ဒီ ကြောက်ရွံ့ခြင်းနဲ့ အသက်ရှင်ရတာ တကယ်ကို နှိုင်းယှဉ်လို့ မရနိုင်တဲ့ စိတ်ပင်ပန်း ဆင်းရဲခြင်း တရပ်ပါပဲ။ ကိုယ်ချင်းစာခဲ့ရပါတယ်။ ကျမလည်း အဲဒီဘ၀ကို တချိန်တုန်းက ဖြတ်သန်းခဲ့ရ လို့ပါပဲ။

စကားမစပ် ပြောရမယ် ဆိုရင် အဲဒီမှာ ကျမ သူငယ်ချင်းတွေ အများကြီး ရှိနေပါတယ်။ ခုနက ပြောခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ပါပဲ။ တချို့က တရားဝင် စာအုပ် ရှိပါတယ်။ အများစုကတော့ တရားမ၀င် အလုပ်သမားတွေ ပါပဲ။ အားတိုင်း သူတို့တွေဆီကို သွားလည်ပါတယ်။ ကြားရတဲ့ သတင်းတိုင်းကို ရင်ကို ရိုက်နှက်သလို ခံစားရပါတယ်။ ပြောမပြနိုင် လောက်အောင် ၀မ်းနည်း ကြေကွဲ ခဲ့ရဖူးပါတယ်။

သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ သူနေ့တိုင်း တံတား ဆောက်လုပ်ရေး မှာသွားပြီး အလုပ်လုပ်ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ ကဟေဆော်ရတဲ့ အလုပ်ပါပဲ။ ညနေ အိမ်ပြန်လာတိုင်း သူ့ရဲ့မျက်လုံးကို ရေခဲနဲ့ အုံထားရတယ်တဲ့ ပြောပြဖူးတယ်။ ဒါနဲ့ ကျမ ဗဟုသုတက နည်းလေတော့ မေးကြည့်မိတယ်။ ဘာဖြစ်လို့လဲပေါ့။ ဒါနဲ့သူကရှင်းပြတယ်။ အလုပ်ရှင်က မျက်စိကို ကာကွယ်ပေးတဲ့ အရာတွေကို မထုတ်ပေးဘဲနဲ့ အလုပ်သမားတွေကို ခိုင်းစေနေတယ်တဲ့။ အဲဒါ ကဟေဆော်ပြီးတိုင်း မျက်လုံးကို သံမှုန်သံစ တွေ စူးဝင်နေသလို ခံစားရပြီး မျက်ရည်ပူတွေ ကျလာတယ်တဲ့။ အယ်.. အလုပ်က ပြန်လာရင် ရေခဲကို တခါတည်း ၀ယ်ခဲ့ပြီး အိမ်ရောက်တာနဲ့ တန်းပြီး မျက်လုံးပေါ်ကို တင်ထားရတယ်တဲ့။ ကျမ တကယ် စိတ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ကျမလည်း ဘယ်လို ကယ်တင်နိုင်မလဲ။ တချိန်တုန်းက သူတို့တွေလိုပဲ ကိုယ့်ခြေပေါ် ကိုယ် အနိုင်နိုင် ရပ်နေရတဲ့သူလေ။ နှစ်သိမ့်ရုံ ကလွဲပြီး ဘာရှိနိုင်အုံးမှာလဲ။

အဲဒါ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမား အကြောင်းလည်း ဖတ်ရရော အဲဒီက သူငယ်ချင်းတွေ အကုန်လုံးအတွက် ၀မ်းသာ ပေးနေမိတယ်။ သတိရရင်း တလက်စ တည်းပဲ အဲဒီက သူငယ်ချင်းတွေ အကြောင်းက ဒီကနေ ဖောက်သည်ချ လိုက်ရပါတယ်။

အောက်မှာ ထိုင်းနိုင်ငံက ညီမလေးပို့လာတဲ့ ဖိုင်လေးတွေကို ပူးတွဲ ပို့စ်လိုက်တယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ပါစေ။

wpmaesod

Saturday, July 11, 2009

ဖိလစ်ပိုင်က မေယွန်မီးတောင် ပေါက်ကွဲတော့မယ်ဆိုပဲ..




ဖိလစ်ပိုင်ကျွန်းစုကို အဓိက အပိုင်းကြီး ၃ ပိုင်း ခွဲခြားထားပါတယ်။ အဲဒါကတော့ မြောက်ပိုင်းက လူဇို (Luzon)၊ အလယ်ပိုင်းက ဘီဇားယား (Visayas) နဲ့ တောင်ပိုင်းက မင်ဒနောင်ဝိုး (Mindanao) တို့ပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံဟာ မီးတောင် တွေကနေတဆင့် နိုင်ငံ ဖြစ်လာ တယ်လို့ သူတို့ရဲ့ သမိုင်းကြောင်း နဲ့ ဒီ နိုင်ငံက မိတ်ဆွေတွေရဲ့ ပြောပြထားချက် အရ သိထားခဲ့ ရပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာ မီးတောင် ပေါက်တယ် ရယ်လို့ ကြားရတာက ခပ်ရှားရှားပါ။ မီးတောင် ကနေ စတင် ပေါ်ပေါက်လာတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် မြေငလျင် ကတော့ လှုပ်နိုင်ချေ ရှိတယ်လေ။ ဒါကြောင့် ကျောင်းမှာက မြေငလျင် လှုပ်ရင် ပြုလုပ်ရမယ့် ကြိုတင် ပြင်ဆင်မှုကို ကျောင်းက တစ်နှစ် တစ်ကြိမ် လုပ်ပေးပါတယ်။ သိတဲ့အတိုင်းပဲ ကျွမ်းနိုင်ငံ ဆိုတော့ မုန်တိုင်း ၀င်တာကတော့ ခဏခဏပဲ ဆိုပါတော့။ ဒါပေမယ့် သိပ်ပြင်းထန်တဲ့ မုန်တိုင်းကတော့ ရှားပါတယ်။







Mount of Mayon ရဲ့အလှ

ဒီတခါတော့ မီးတောင်ပေါက်မယ်လို့ ကြားရတာ ပထမဦးဆုံး အကြိမ်ပါ။ အဲဒီ မီးတောင်ဟာ လူဇို (Luzon) ရဲ့ အောက်ပိုင်းမှာ တည်ရှိပါတယ်။ ကျမတို့နေတဲ့ မနီလာ (Manila) နဲ့တော့ တော်တော်လေး အလှမ်းဝေး ပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေက သူတို့နိုင်ငံရဲ့ ကျော်ကြားလှတဲ့ မေယွန်မီးတောင်ဟာ ယခု အသက်ဝင် လှုပ်ရှားလာတဲ့ လက္ခဏာ ပြလာပြီး မကြာခင် ပေါက်ကွဲတော့မယ် ဆိုတဲ့အကြောင်း သတိပေးလိုက်ပါတယ်။ အဆိုပါ သတင်းကို ၂၀၀၉ ဇူလိုင်လ ၁၀ ရက်နေ့ မှာ သတင်း အေဂျင်စီ တော်တော် များများက ထုတ်ပြန် ရေးသား ထားတာကို တွေ့ရပါတယ်။




Legaspi မြို့ နဲ့ Mayon မီးတောင် အကွာအဝေး

အနီးအနား မှာလည်း လှုပ်ရှားသွားလာ သူတွေကို မီးတောင်ရဲ့ ၆ ကီလိုမီတာ အကွာကနေ သွားဖို့ သတိပေး နှိုးဆော်ထားပါတယ်။ ဒါ့အပြင် အဲဒီ တားမြစ် မီးတောင် နယ်မြေ နဲ့ လီဂါးစပီမြို့(Legazpi) မြို့ဟာ ၇ မိုင်ပဲ ကွာဝေးပါတယ်။ အဲဒီ မြို့မှာက လူဦးရေ တစ်သိန်း ခြောက်သောင်း ၀န်းကျင်ခန့် ရှိပါတယ်။

ငလျင် ကျွမ်းကျင်သူ ပညာရှင် Renato Solidum က အကယ်၍ အဲဒီ မီးတောင် ပေါက်ကွဲမယ် ဆိုရင် လီဂါးစပီမြို့ လေယာဉ်ကွင်းနဲ့ အနီးအနား မှာရှိတဲ့ အိမ်ခေါင်မိုးအထိ ပြာမှုန်များ ကျရောက်နိုင်တယ် ဆိုတဲ့အကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။


Cagsawa မြို့ဟောင်း

ဒီမီးတောင်ဟာ ၄၈ ကြိမ်တိုင်တိုင် ပေါက်ကွဲ ခဲ့ပြီး နောက်ဆုံး အကြိမ်ကတော့ ၂၀၀၆ ခုနှစ်က ဖြစ်ပါတယ်။ ၁၈၁၄ ခုနှစ် မီးတောင် ပေါက်ကွဲ ခဲ့စဉ်တုန်းက Cagsawa မြို့ကို ဖုံးအုပ် ခဲ့ပါတယ်။ အဲဒီ မြို့ကတော့ အခုအခါမှာ နိုင်ငံခြား သားများ အလည်ပတ် ပြုတဲ့ နေရာအဖြစ် နာမည် ကျော်ကြား လှတဲ့ နေရာပဲ ဖြစ်ပါတယ်။

Wednesday, July 8, 2009

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများ

ကျောင်းတဖက်တက်ရင်း အားတဲ့အချိန်မှာဆိုရင် ကျမတာဝန်ကျတဲ့ International Studies Department မှာ အလုပ်လုပ်ရပါတယ်။ semester တစ်ခုမှာ နာရီ ရ၀ လုပ်ရပါတယ်။ အလုပ်လုပ်ရင်း လုပ်စရာမရှိလို့ နားနေတဲ့အချိန်မှာ ရုံးခန်းက စာအုပ်စင်လေးကို မျက်စိကစားကြည့်လိုက်တယ်။ ဒါနဲ့ Pananaw လို့အမည်ရတဲ့ newsletter လေးကို ကောက်ကိုင် ကြည့်လိုက်တော့ UP (The University of the Philippines Center for Women Studies) က ထုတ်ဝေထားတဲ့ newsletter တစ်စောင်ဖြစ်နေတယ်။

ငြိမ်းချမ်းရေးဆုတံဆိပ်ကြီး

စာအုပ်လေးကို လှန်လှောကြည့်လိုက်တဲ့အခါ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး ဆုရှင် အဖြစ် တကမ္ဘာလုံးမှာ ရှိတဲ့ အမျိုးသမီး အယောက် ၁၀၀၀ကို ယာထားတဲ့ အကြောင်း အရာပဲ ဖြစ်ပါတယ်။ အဲဒီ အထဲက Philippines က အမျိုးသမီး ၂၇ ယောက် ပါဝင်တဲ့ အတွက် ဂုဏ်ယူစွာ အသားပေး ထုတ်ဖော် ရေးသား ထားတာကို တွေ့ရပါတယ်။ ဒါနဲ့ ကျမ နည်းနည်း စိတ်ဝင်စားသွားတယ်။ ရှေ့လျောက် သွက်သွက်ကလေး ဖတ်နေမိတယ်။ မြန်မာပြည်က အမျိုးသမီးရော ဘယ်နှစ်ယောက် ပါမလဲဆိုတဲ့ သိချင်ဇောနဲ့ပေါ့။ ၀မ်းနည်းစွာနဲ့ပဲ အဲဒီ ဖော်ပြထားတဲ့ စာရင်းမှာ မတွေ့ခဲ့ရပါဘူး။ မြန်မာပြည်က အမျိုးသမီးလည်း ပါဝင်ကောင်း ပါဝင်ပါလိမ့်မယ်။ သူတို့ ဖော်ပြဖို့အတွက် နေရာမဆန့်လို့လည်း ဖြစ်ပါလိမ့်မယ်။ နိုင်ငံပေါင်း ၁၅၀ ထက် မနည်းဘူး ဆိုတော့ နိုင်ငံ အားလုံး ကိုတော့ ဘယ် ဖော်ပြနိုင်မလဲနော်။

ဒါပေမယ့်လဲ ၁၉၀၁ ကနေ ၂၀၀၄ ခုနှစ်အထိ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး အကြောင်းတွေကို ခုနှစ် အလိုက် လူနာမည် နဲ့ သူတို့ ဘာအတွက် ရရှိခဲ့တာလဲ ဆိုတာကို အတိုချုံး ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါခဲ့တာကို တွေ့ရပါတယ်။ ကျမ မြန်မာ အမျိုးသမီး တစ်ဦးအနေနဲ့ အင်မတန်ပဲ ၀မ်းသာ ဂုဏ်ယူမိပါတယ်။

ဒီတော့ ဖတ်ရင်းနဲ့ အတွေးတစ်ခု ၀င်လာတာက ဘာဖြစ်လို့ အမျိုးသမီး အယောက် ၁၀၀၀ ကို ငြိမ်းချမ်းရေးဆု ပေးဖို့ ယာယီ စာရင်း တင်သွင်းတဲ့ project ကို လုပ်ရတာလဲလို့။ ဒါနဲ့ အဲဒီ အဖြေကို တွေ့သွားတယ်။ ဒီတော့ ဖတ်မိသမျှ အထဲက ဗဟုသုတ ရမယ်ထင်တဲ့ အရာလေး တစိတ် တပိုင်းကို ဘာသာပြန်ပြီး အောက်ပါအတိုင်းပဲ တတ်စွမ်းသမျှ ရေးသားလိုက်ရပါတော့တယ်။

ဘာဖြစ်လို့ အမျိုးသမီး အယောက် ၁၀၀၀ ကို ငြိမ်းချမ်းရေးဆုပေးဖို့ ယာယီစာရင်း တင်သွင်းတဲ့ project လုပ်ရတာလဲ?


project လှုပ်ရှားမှုအတွက် အမှတ်တံဆိပ်

အဲဒီ project ကို ၂၀၀၃ ခုနှစ်မှာ Maren Haartie နဲ့ Dr. Ruth-Gaby Vermot-Magnold တို့က စတင်တည်ထောင်ခဲ့ပါတယ်။ Maren Haartie ကတော့ (Swiss Peace) ဆွစ် ငြိမ်းချမ်းရေး အဖွဲ့မှ ဖြစ်ပြီး Dr. Ruth-Gaby Vermot-Magnold ကတော့ ဥရောပကောင်စီ (Council of Europe) နှင့် ဆွစ် ပါလီမန် ကောင်စီက အဖွဲ့ဝင် တစ်ယောက်ဖြစ်ပါတယ်။ ဒီ project မှာ Dr က ဥက္ကဌ နေရာကနေ တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။

Dr. Ruth-Gaby Vermot-Magnold

Dr ဟာ ဥရောပကောင်စီ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည့် အားလျော်စွာ ပဋိပက္ခနှင့် စစ်ဖြစ်ပွားရာ နေရာဒေသ တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို အလည်သွားရောက်ခဲ့ပါတယ်။ အဲဒီမှာက သူဘာတွေကို တွေ့ရှိခဲ့သလဲ ဆိုတော့ အမျိုးသမီးတွေဟာ အဲဒီလို အင်မတန် အန္တရာယ်များလှတဲ့ ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် တည်ဆောက်တဲ့ အလုပ်ကို လုပ်ဆောင်နေတာပါပဲ။ ဒီ အမျိုးသမီးတွေဟာ သူတို့မှာ ရှိနေတဲ့ သတ္တိနှင့်အတူ အန္တရာယ် ကျရောက်လာမယ့် ဘေးကို ထည့်မတွေးဘဲ ငြိမ်းချမ်းရေးကို လိုလား တောင်းဆို နေတာပါပဲ။ သူတို့တွေဟာ ငြိမ်းချမ်းရေး တည်ဆောက်မယ့် သူတွေပဲ ဆိုတာ သူလက်တွေ့ကျကျ မြင်တွေ့ ခဲ့ရပါတယ်။ ဒါဟာ သူ ဒီ project ကို ဖွဲ့စည်း တည်ထောင်ဖို့ အတွက် ပထမဦးဆုံး တွန်အားလို့ ဆိုရပါမယ်။ ဒုတိယတွန်းအားကတော့ ၁၉၀၁ ခုနှစ်ကနေ စပြီး ငြိမ်းချမ်းရေး ဆုရှင်တွေကို ရေတွက် ကြည့်လိုက်ရင် အမျိုးသား ဦးရေက ၈၀ ရှိပြီး အမျိုးသမီး ဦးရေ ကတော့ ၁၂ ပဲ ရှိပါသေးတယ်။ အဲဒါကို သူကြည့်ပြီး တဖြည်းဖြည်းနဲ့ ဒီ project ကို တည်ထောင် ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာခဲ့ရပါတယ်။

အဲဒီ ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၁၂ နှစ်ယောက်က ဘယ်သူတွေလဲ?
အဲဒီအမျိုးသမီး ၁၂ နှစ်ယောက်ကတော့.......

၁။ ၁၉၀၅ - သြစတြီးယားနိုင်ငံက Bertha Von Suttner
အပြည်ပြည်ဆိုင်ရာ အမြဲတမ်း ငြိမ်းချမ်းရေး ရုံး မှာ ဥက္ကဌအဖြစ် အလုပ်လုပ်ခဲ့စဉ် သူမရဲ့ အလုပ်အတွက် ဂုဏ်ပြုသော အနေဖြင့်

၂။ ၁၉၃၁ - အမေရိကန်နိုင်ငံက Jane Addams
ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတွင် ဥက္ကဌအဖြစ် အလုပ်လုပ်စဉ် ရရှိခဲ့သောဆု

၃။ ၁၉၄၆ - အမေရိကန်နိုင်ငံက Emily Greene Balch
ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတွင် ဥက္ကဌအဖြစ် အလုပ်လုပ်စဉ် ရရှိသောဆု


၎။ ၁၉၇၆ - ဗြိတိန်နိုင်ငံက Betty Williams
အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်သူအဖြစ်
ဂုဏ်ပြုသောအားဖြင့်

၅။ ၁၉၇၆ - ဗြိတိန်နိုင်ငံက Mairead Corrigan
အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်သူအဖြစ်
ဂုဏ်ပြုသောအားဖြင့်


၆။ ၁၉၇၉ - အိန္ဒိယနိုင်ငံက Mother Theresa
သာသနာပြု နှင့် လူမှုအကျိုးပြု လုပ်ငန်းအတွက် ဂုဏ်ပြုသောအားဖြင့်


၇။ ၁၉၈၂ - ဆွီဒင်နိုင်ငံက Alva Myrdal
ဆွီဒင်နိုင်ငံ ဆိုရှယ် ဒီမိုကရက် ပါတီတွင် အထင်ကရ အဖွဲ့ဝင်ပုဂ္ဂိုလ်ဖြစ်ပြီး
နိုင်ငံတစ်နိုင်ငံတွင် လက်နက်များ လျော့ချရေးအစီအစဉ်ကို လှုပ်ရှားဆောင်ရွက်သူအဖြစ်
ဆု ချီးမြှင့်ခံရသူ

၈။ ၁၉၉၁ - မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်
သူမရဲ့ အကြမ်းမဖက်သောနည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် ကြိုးပမ်းလှုပ်ရှားမှုအား ဂုဏ်ပြုသော အနေဖြင့်

၉။ ၁၉၉၂ - ကွာတာမာလာနိုင်ငံက Rigoberta Menchu Tum
တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများအား လေးစားတန်ဖိုးမှုအပေါ်တွင် အခြေတည်၍
တရားမျှတမှုရှိရေး နှင့် တိုင်းရင်းသားလူမျိုးစုများ ယဉ်ကျေးမှုကို ပြန်လည်ရင်ကြားစေ့ရေး အတွက် သူမရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့်

၁၀။ ၁၉၉၇ - အမေရိကန်နိုင်ငံက Jody Williams
အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းများ တားမြစ်သော လှုပ်ရှားမှုအဖွဲ့တွင်
ပါဝင်ဆောင်ရွက်ခြင်း
မြေမြှုပ်မိုင်းများ ရှင်းလင်းခြင်းနှင့် တားမြစ်ခြင်းတွင်
ပါဝင်ခဲ့သော သူမရဲ့ လုပ်ဆောင်မှုအတွက်


၁၁။ ၂၀၀၃ - အီရန်နိုင်ငံက Shirin Ebadi
သူမရဲ့ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် ကြိုးပမ်းလှုပ်ရှားမှုအား ဂုဏ်ပြုသော အနေဖြင့်
အထူးသဖြင့် အမျိုးသမီး နှင့် ကလေးသူငယ် အခွင့်အရေးအတွက် သူမရဲ့ ကြိုးပမ်းလှုပ်ရှားမှု

၁၂။ ၂၀၀၄ - ကင်ညာနိုင်ငံက Wangari Maathai
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် တတပ်တအား ပါဝင်ခြင်းအပေါ် ဂုဏ်ပြုသော အားဖြင့်


Source: Pananaw, The Official Newsletter of the University of the Philippines Center for Women's Studies, Vol XV No.2, ISSN 0115 9844



Saturday, July 4, 2009

စပ်မိစပ်ရာ ကွန်ပျုတာအကြောင်း

ဒီကနေ့ သူငယ်ချင်းတစ်ယောက်ပို့လာတဲ့ newsletter ထဲမှာ အကြောင်းအရာလေးတစ်ခုက ကျမအတွက် စိတ်ဝင်စားစရာ ကောင်းတယ်လေ။ အဲဒါကတော့ ကွန်ပျုတာအကြောင်း အတိုအတွာလေးပါ။ လူတိုင်း သတိမထားမိ တဲ့အရာလေးပါ။ ကျမလဲ ကွန်ပျုတာသုံးတာ ကြာပြီ တခါမှ သတိမထားမိဘူး။ ဖတ်ကြည့်ပြီး စမ်းသပ်ကြည့်တော့မှပဲ အော်ဟုတ်သားပဲ။ ကိုယ်နေ့စဉ်သုံးပြီး မသိသေးတာအများကြီးပါပဲလားလို့ တွေးနေ မိတယ်။

အဲဒါကတော့ ကွန်ပျုတာ keyboard ပေါ်က Prt Sc SysRq သို့မဟုတ် Print Screen Key အကြောင်းလေး ပါပဲ။ print လို့တွေ့တာနဲ့ လူတွေက ဒါကိုနှိပ်လိုက်ရင် တခါတည်း print out ဖြစ်သွားမယ်လို့ ထင်ကောင်း ထင်မယ်။ ဒါပေမယ့် နှိပ်တိုင်းလဲ print out မဖြစ်ပါဘူး။ ဒါပေမယ့် သင်ဟာ DOS သုံးတဲ့လူဖြစ်မယ်ဆိုရင် print out ဖြစ်တယ်လို့ အဲဒီ newsletter ထဲမှာပြောထားတယ်။ အဲဒီ DOS အကြောင်းတော့နားမလည်ဘူး။ လောလောဆယ်ကျမစက်ကတော့ ဘာ printer နဲ့မှမဆက်ထားတော့ ဘာမှပြဿနာမရှိဘူး။ ရေးထားတဲ့ အတိုင်း စမ်းကြည့်တာ အောင်မြင်တယ်။

အဲဒီ Print Screen Key လေးရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ သင့်ရဲ့ကွန်ပျုတာစာမျက်နှာကို ဓါတ်ပုံရိုက် လိုက်တာပဲ ဖြစ်တယ်။ မယုံရင်စမ်းကြည့်ရအောင်။ အဲဒီ Key လေးကို နှိပ်လိုက်ပါ။ ပြီးရင် Microsoft word စာမျက်နှာကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင် cursor (စာရိုက်ဖို့ရန်အတွက် မျဉ်းကြောင်းမိတ်တုတ်မိတ်တုတ်) ပေါ်လာတာတွေ့မယ်။ အဲဒီ မျဉ်းကြောင်းပေါ်တဲ့အချိန်မှာ control v သို့မဟုတ် Ctrl+v ကိုနှိပ်လိုက်ပါ။

သင်ခုနကရွေးချယ်ဓါတ်ပုံရိုက်လိုက်တဲ့ စာမျက်နှာလေးက အဲဒီ Microsoft word စာမျက်မှာပေါ်မှာ ပေါ်လာပါလိမ့်မယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။


Wednesday, July 1, 2009

အနုပညာရသမြောက်သော ညနေခင်းလေး

ကျမတို့ကျောင်းမှာ INSA (International Network for Social Action) ဌာနက အမတစ်ယောက် ကျမတို့ မြန်မာ သူငယ်ချင်းတစ်ယောက်ကို စကားလက်ဆောင်ပါးလာတယ်။ အဲဒါကတော့ ၂၁ ဇွန် ၂၀၀၉ မှာ ဖိလစ်ပိုင်က Indigenous တွေ Manila Bay နားက CCP (Culture Center of the Philippines) မှာလာပြီး ကပြကြမယ်တဲ့။ ပထမတော့ အိမ်က သူငယ်ချင်းတွေ မသွားလို့ ကျမလည်း သွားဖို့စိတ်အားမသန်ဘူး။ ဒါပေမယ့် ဖိလစ်ပိုင်မှာ နေတုန်း သူတို့ရဲ့ တိုင်းရင်းသားရိုးရာ အကကို အနည်းဆုံးတစ်ခေါက်တော့ သွားလေ့လာ သင့်တယ်လို့ ကိုယ့်ကိုကိုယ် ယူဆမိတယ်လေ။ ဒါနဲ့ မြန်မာသူငယ်ချင်း ၂ယောက်ရယ်၊ အီသီယိုးပီးယားက သူငယ်ချင်း ၁ယောက်ရယ် ပြီးတော့ ကျမအပါအ၀င် လေးယောက်သွားကြည့်ဖြစ်ကြတယ်။


ကျမတို့အဖွဲ့တွေ Manila ရဲ့ traffic မှာ ပိတ်မိလို့ နည်းနည်းနောက်ကျသွားတယ်။ ရောက်ရောက်ချင်းအ၀င်ဝမှာ ကိရိယာကလေးတစ်ခုနဲ့ ကိုယ်အပူချိန်ကို တိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ H1N1 ရှိမရှိ ပွဲလာပရိသတ်ကို စစ်ဆေးနေတာပါ။ စစတုန်းကတွေးထားတာကတော့ ဓါတ်ပုံတွေ ရိုက်ပြီးမှတ်တမ်းတင်ခဲ့မယ်ပေါ့။ နောက်တော့ အတွေးနဲ့ လက်တွေ့ တက်တက်စင်အောင်လွဲခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတစ်ယောက် ကင်မရာယူသွားမလို့လုပ်တာ lady guard က မယူရဘူးတဲ့။ ဒါနဲ့ ကင်မရာကို ဂိတ်မှာထားခဲ့ရတဲ့အတွက် ကြောင့် ရိုးရာဖျော်ဖြေတင်ဆက်မှု ဓါတ်ပုံတွေကို မယူခဲ့ရဘူးလေ။ Sayang! (ဆိုးလိုက်တဲ့အဖြစ်။)

ကျမတို့ CCP အထဲ ကိုရောက်တဲ့အချိန်မှာ ပွဲကစနှင့်နေပါပြီ။ ဖျော်ဖြေတင်ဆက်နေတဲ့အချိန်မှာ ပရိသတ်တွေကို ၀င်ခွင့်မပြုပါဘူး။ အနှောက်အယှက်ပြုမှာစိုးလို့နဲ့တူပါတယ်။ ဖျော်ဖြေတင်ဆက်မှုတစ်ခုနဲ့တစ်ခုအကြား ခဏရပ် သွားတဲ့အချိန်မှာ ကျမတို့ကို ၀င်ခွင့်ပြုခဲ့ပါတယ်။



ဝင်ဝင်ချင်းမှာပဲ သူတို့ရဲ့ တိုင်းရင်းသား ၀တ်စုံတွေကို ၀တ်ဆင်ပြီး အနုပညာကို ရသခံစားမှုအပြည့်နဲ့ တင်ဆက် နေတာကို တွေ့ရပါတယ်။ ကျမကို ဆွဲဆောင်တဲ့အရာကတော့ သူတို့ရဲ့ ၀တ်စုံတွေပေါ့။ ကျမတို့ မြန်မာတိုင်းရင်း သားတွေရဲ့ ၀တ်စုံနဲ့ တအားတူပါတယ်။ ကျမသူတို့ကို တွေ့တာနဲ့ အမိမြန်မာပြည်ကို ပြောမပြတတ်အောင် လွမ်းမိပါတယ်။ ကျမလေ့လာမိသလောက်ကတော့ ဘယ်နိုင်ငံမှာမဆို တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ၀တ်စား ဆင်ယင်ပုံနဲ့ ယဉ်ကျေးမှုအကတွေက ဆင်တူယိုးမှားရှိနေတာပါပဲ။


အဲဒီအကထဲက အကအဖွဲ့တစ်ဖွဲ့ ၀တ်စုံကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ နာဂ တိုင်းရင်းသားလူမျိုးရဲ့ ၀တ်စုံနဲ့ တအားတူပါတယ်။ သူတို့ကတဲ့အခါမှာ သတ္တုမောင်းကို ထုပြီးကလေ့ရှိပါတယ်။ အင်မတန်မှ လှပတဲ့ အနုပညာ တင်ဆက်မှုဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုက သူတို့ခါးမှာ စည်းထားတဲ့ ပိတ်အနီလေးက ကျမတို့ ကရင်ခေါင်း ပေါင်း နဲ့ တအားကို တူပါတယ်။

တိုင်းရင်းသားအကတစ်ခုထဲနဲ့တင်ဆက်တာမဟုတ်ပါဘူး။ အနောက်တိုင်းဂီတကို တိုင်းရင်းသား ယဉ်ကျေးမှု အနုပညာအက နဲ့ ရောနှောလိုက်တဲ့အတွက် အင်မတန်မှ ချစ်စရာကောင်းသွားတာကို တွေ့ရပါတယ်။ အနောက်တိုင်းတေးဂီတကို ဦးဆောင်တဲ့အဖွဲ့ကတော့ ဒီအခမ်းအနားကို ကမကထပြုလုပ်တဲ့ cartwheel foundation အဖွဲ့ပဲဖြစ်ပါတယ်။ cartwheel foundation အဖွဲ့ကတော့ အမေရိကန်လာတဲ့သူတွေပဲဖြစ်တယ်။ သူတို့ကတော့ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ။ တိုင်းရင်းသားလေးတွေကတော့ အသားမဲမဲ နဲ့ အရပ်ပုပု။ ဒါပေမယ့် ခွဲခြားဆက်ဆံမှုတွေ ဒီအနုပညာဖျော်ဖြေပွဲအတွင်း အရိပ်အရောင်တွေရှိမနေပဲ ချစ်ကြည်ရင်းနှီးစွာ တင်ဆက်နေတာကို လှလှပပ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ခေါင်းစဉ်ကတော့ culture in harmony ပဲဖြစ်ပါတယ်။ တော်တော်လေးကို မြူးကြွ မြိုင်ဆိုင်လို့နေပါတယ်။ သူတို့တင်ဆက်တဲ့ အချိန်မှာဆိုရင် ပရိသတ်က သူတို့ ကတဲ့အတိုင်းလိုက်ပြီးလက်ခုပ်တီးနေပါတယ်။



အဲဒီပွဲမှာ တယောအဖွဲ့ကြီးတစ်ဖွဲ့လည်း ပါဝင်ပါသေးတယ်။ သူတို့ကတော့ သီးသန့်ပဲ တင်ဆက်ပါတယ်။ အားလုံးကတော့ ဖိလစ်ပိုင်သားတွေပါပဲ။ အရွယ်မျိုးစုံအလိုက် ပါဝင်ပြီး အားရပါးရကို တီးခတ်ဖျော်ဖြေနေ ပါတယ်။ အငယ်ဆုံးက ရ နှစ် သို့မဟုတ် ဂ နှစ် ပဲရှိအုံးမယ် ထင်ပါတယ်။ အစက ထင်ထားတာ သူတို့တွေပဲတီးခတ်မယ်ပေါ့။ နောက်တော့ ဘယ်ဟုတ်မလဲ။ အမျိုးသမီးကလေးတစ်ယောက်က ဂျိုင်းထောက် တဖက်ကို အားပြုပြီး စင်ရှေ့ကို လျှောက်လာပါတယ်။ ပြီးတော့ အနုပညာတီးခတ်သံနဲ့အညီ သူမရဲ့ မျက်နှာနေ မျက်နှာထားလေးကို အမျိုးမျိုးပြောင်းပြီး အားမာန်အပြည့်နဲ့ ခံစားသီဆိုနေပါတယ်။ သူရဲ့စာသားလေးကို နားလည်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် နားဆင်နေစဉ် အတောအတွင်း သူ့ကိုကျမကြည့်ပြီး အလိုလို မျက်ရည်ဝဲတက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ဘ၀ကို အရှုံးမပေးပဲ အရာတစ်ခုမှာ ထူးချွန်အောင် စွမ်း ဆောင်ပြနိုင်လို့ပါပဲ။ အင်မတန် ခွန်အားရခဲ့ပါတယ်။ ပွဲအပြီးမှာ ကျမသူ့ကို သွားပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

အဲဒီပွဲမှာ တခြားကျောင်းက မြန်မာကျောင်းသားလေးတွေလည်း လာကြည့်ကျပါတယ်။ သူတို့လည်းကျမကို တွေ့ရော မြန်မာပြည်လည်း ဒီလိုလုပ်ရင်ကောင်းမယ်လို့ပြောလာတယ်။ ကျမလဲ ဒီလိုမျိုး ထပ်ထူခံစားမိတယ် လေ။ ဘာလို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စု အစိတ်သေးသေးလေးတွေများတဲ့ နိုင်ငံလေ။ ဒီလိုပွဲမျိုးလုပ်လိုက်ရင် တအားကို ကြည့်ကောင်းမယ်။ ပြီးတော့ တိုင်းရင်းသားလူမျိုးလေးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်တယ်လေ။


ဖိလစ်ပိုင်မှာ၂၁ ရက်နေ့ညဟာ ကျမအတွက် အမှတ်ရစရာ မမေ့နိုင်သော နေ့တစ်နေ့ဖြစ်တယ်။ ပြီးတော့ ဖိလစ်ပိုင်က indigenous နဲ့ cartwheel foundation အဖွဲ့အတွက်လည်း ကျမအများကြီး ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ သူတို့ရဲ့ အကွက်ကျကျ ဖန်တီးမှုနဲ့ စီစဉ်ညွှန်ကြားနိုင်မှုတို့ကို များစွာလေးစားမိတယ်။ နောက်နောင် လည်း ဒီထက်ဆထက်ထမ်းပိုးများစွာ ဆောင်ရွက်ပြီး အောင်မြင်ကျော် ကြားနိုင်ပါစေ။

Saturday, June 27, 2009

ဒီကေဘီအေတစ်ဦး၏ ရင်ဖွင့်ခံစားမှု

မှတ်ချက်။ forward mail ကရလာလို့ ဒီမှာတင်ဖြစ်သွားတယ်။ ကရင်တစ်မျိုးသားလုံး တစ်ဦးနဲ့ တစ်ဦး ပိုမိုနားလည်မှုများနှင့်အတူ အနာဂတ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရန်အတွက် ရည်ရွယ်ပြီး တင်ပြလိုက်ရတာပါ။ ကရင်တစ်မျိုးသားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မွန်းကြပ်ခြင်းအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

dkba cry-out