အနုပညာရသမြောက်သော ညနေခင်းလေး
ကျမတို့ကျောင်းမှာ INSA (International Network for Social Action) ဌာနက အမတစ်ယောက် ကျမတို့ မြန်မာ သူငယ်ချင်းတစ်ယောက်ကို စကားလက်ဆောင်ပါးလာတယ်။ အဲဒါကတော့ ၂၁ ဇွန် ၂၀၀၉ မှာ ဖိလစ်ပိုင်က Indigenous တွေ Manila Bay နားက CCP (Culture Center of the Philippines) မှာလာပြီး ကပြကြမယ်တဲ့။ ပထမတော့ အိမ်က သူငယ်ချင်းတွေ မသွားလို့ ကျမလည်း သွားဖို့စိတ်အားမသန်ဘူး။ ဒါပေမယ့် ဖိလစ်ပိုင်မှာ နေတုန်း သူတို့ရဲ့ တိုင်းရင်းသားရိုးရာ အကကို အနည်းဆုံးတစ်ခေါက်တော့ သွားလေ့လာ သင့်တယ်လို့ ကိုယ့်ကိုကိုယ် ယူဆမိတယ်လေ။ ဒါနဲ့ မြန်မာသူငယ်ချင်း ၂ယောက်ရယ်၊ အီသီယိုးပီးယားက သူငယ်ချင်း ၁ယောက်ရယ် ပြီးတော့ ကျမအပါအ၀င် လေးယောက်သွားကြည့်ဖြစ်ကြတယ်။
ကျမတို့အဖွဲ့တွေ Manila ရဲ့ traffic မှာ ပိတ်မိလို့ နည်းနည်းနောက်ကျသွားတယ်။ ရောက်ရောက်ချင်းအ၀င်ဝမှာ ကိရိယာကလေးတစ်ခုနဲ့ ကိုယ်အပူချိန်ကို တိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ H1N1 ရှိမရှိ ပွဲလာပရိသတ်ကို စစ်ဆေးနေတာပါ။ စစတုန်းကတွေးထားတာကတော့ ဓါတ်ပုံတွေ ရိုက်ပြီးမှတ်တမ်းတင်ခဲ့မယ်ပေါ့။ နောက်တော့ အတွေးနဲ့ လက်တွေ့ တက်တက်စင်အောင်လွဲခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတစ်ယောက် ကင်မရာယူသွားမလို့လုပ်တာ lady guard က မယူရဘူးတဲ့။ ဒါနဲ့ ကင်မရာကို ဂိတ်မှာထားခဲ့ရတဲ့အတွက် ကြောင့် ရိုးရာဖျော်ဖြေတင်ဆက်မှု ဓါတ်ပုံတွေကို မယူခဲ့ရဘူးလေ။ Sayang! (ဆိုးလိုက်တဲ့အဖြစ်။)
ကျမတို့ CCP အထဲ ကိုရောက်တဲ့အချိန်မှာ ပွဲကစနှင့်နေပါပြီ။ ဖျော်ဖြေတင်ဆက်နေတဲ့အချိန်မှာ ပရိသတ်တွေကို ၀င်ခွင့်မပြုပါဘူး။ အနှောက်အယှက်ပြုမှာစိုးလို့နဲ့တူပါတယ်။ ဖျော်ဖြေတင်ဆက်မှုတစ်ခုနဲ့တစ်ခုအကြား ခဏရပ် သွားတဲ့အချိန်မှာ ကျမတို့ကို ၀င်ခွင့်ပြုခဲ့ပါတယ်။
ဝင်ဝင်ချင်းမှာပဲ သူတို့ရဲ့ တိုင်းရင်းသား ၀တ်စုံတွေကို ၀တ်ဆင်ပြီး အနုပညာကို ရသခံစားမှုအပြည့်နဲ့ တင်ဆက် နေတာကို တွေ့ရပါတယ်။ ကျမကို ဆွဲဆောင်တဲ့အရာကတော့ သူတို့ရဲ့ ၀တ်စုံတွေပေါ့။ ကျမတို့ မြန်မာတိုင်းရင်း သားတွေရဲ့ ၀တ်စုံနဲ့ တအားတူပါတယ်။ ကျမသူတို့ကို တွေ့တာနဲ့ အမိမြန်မာပြည်ကို ပြောမပြတတ်အောင် လွမ်းမိပါတယ်။ ကျမလေ့လာမိသလောက်ကတော့ ဘယ်နိုင်ငံမှာမဆို တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ၀တ်စား ဆင်ယင်ပုံနဲ့ ယဉ်ကျေးမှုအကတွေက ဆင်တူယိုးမှားရှိနေတာပါပဲ။

အဲဒီအကထဲက အကအဖွဲ့တစ်ဖွဲ့ ၀တ်စုံကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ နာဂ တိုင်းရင်းသားလူမျိုးရဲ့ ၀တ်စုံနဲ့ တအားတူပါတယ်။ သူတို့ကတဲ့အခါမှာ သတ္တုမောင်းကို ထုပြီးကလေ့ရှိပါတယ်။ အင်မတန်မှ လှပတဲ့ အနုပညာ တင်ဆက်မှုဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုက သူတို့ခါးမှာ စည်းထားတဲ့ ပိတ်အနီလေးက ကျမတို့ ကရင်ခေါင်း ပေါင်း နဲ့ တအားကို တူပါတယ်။
တိုင်းရင်းသားအကတစ်ခုထဲနဲ့တင်ဆက်တာမဟုတ်ပါဘူး။ အနောက်တိုင်းဂီတကို တိုင်းရင်းသား ယဉ်ကျေးမှု အနုပညာအက နဲ့ ရောနှောလိုက်တဲ့အတွက် အင်မတန်မှ ချစ်စရာကောင်းသွားတာကို တွေ့ရပါတယ်။ အနောက်တိုင်းတေးဂီတကို ဦးဆောင်တဲ့အဖွဲ့ကတော့ ဒီအခမ်းအနားကို ကမကထပြုလုပ်တဲ့ cartwheel foundation အဖွဲ့ပဲဖြစ်ပါတယ်။ cartwheel foundation အဖွဲ့ကတော့ အမေရိကန်လာတဲ့သူတွေပဲဖြစ်တယ်။ သူတို့ကတော့ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ။ တိုင်းရင်းသားလေးတွေကတော့ အသားမဲမဲ နဲ့ အရပ်ပုပု။ ဒါပေမယ့် ခွဲခြားဆက်ဆံမှုတွေ ဒီအနုပညာဖျော်ဖြေပွဲအတွင်း အရိပ်အရောင်တွေရှိမနေပဲ ချစ်ကြည်ရင်းနှီးစွာ တင်ဆက်နေတာကို လှလှပပ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ခေါင်းစဉ်ကတော့ culture in harmony ပဲဖြစ်ပါတယ်။ တော်တော်လေးကို မြူးကြွ မြိုင်ဆိုင်လို့နေပါတယ်။ သူတို့တင်ဆက်တဲ့ အချိန်မှာဆိုရင် ပရိသတ်က သူတို့ ကတဲ့အတိုင်းလိုက်ပြီးလက်ခုပ်တီးနေပါတယ်။
အဲဒီပွဲမှာ တယောအဖွဲ့ကြီးတစ်ဖွဲ့လည်း ပါဝင်ပါသေးတယ်။ သူတို့ကတော့ သီးသန့်ပဲ တင်ဆက်ပါတယ်။ အားလုံးကတော့ ဖိလစ်ပိုင်သားတွေပါပဲ။ အရွယ်မျိုးစုံအလိုက် ပါဝင်ပြီး အားရပါးရကို တီးခတ်ဖျော်ဖြေနေ ပါတယ်။ အငယ်ဆုံးက ရ နှစ် သို့မဟုတ် ဂ နှစ် ပဲရှိအုံးမယ် ထင်ပါတယ်။ အစက ထင်ထားတာ သူတို့တွေပဲတီးခတ်မယ်ပေါ့။ နောက်တော့ ဘယ်ဟုတ်မလဲ။ အမျိုးသမီးကလေးတစ်ယောက်က ဂျိုင်းထောက် တဖက်ကို အားပြုပြီး စင်ရှေ့ကို လျှောက်လာပါတယ်။ ပြီးတော့ အနုပညာတီးခတ်သံနဲ့အညီ သူမရဲ့ မျက်နှာနေ မျက်နှာထားလေးကို အမျိုးမျိုးပြောင်းပြီး အားမာန်အပြည့်နဲ့ ခံစားသီဆိုနေပါတယ်။ သူရဲ့စာသားလေးကို နားလည်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် နားဆင်နေစဉ် အတောအတွင်း သူ့ကိုကျမကြည့်ပြီး အလိုလို မျက်ရည်ဝဲတက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ဘ၀ကို အရှုံးမပေးပဲ အရာတစ်ခုမှာ ထူးချွန်အောင် စွမ်း ဆောင်ပြနိုင်လို့ပါပဲ။ အင်မတန် ခွန်အားရခဲ့ပါတယ်။ ပွဲအပြီးမှာ ကျမသူ့ကို သွားပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
အဲဒီပွဲမှာ တခြားကျောင်းက မြန်မာကျောင်းသားလေးတွေလည်း လာကြည့်ကျပါတယ်။ သူတို့လည်းကျမကို တွေ့ရော မြန်မာပြည်လည်း ဒီလိုလုပ်ရင်ကောင်းမယ်လို့ပြောလာတယ်။ ကျမလဲ ဒီလိုမျိုး ထပ်ထူခံစားမိတယ် လေ။ ဘာလို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စု အစိတ်သေးသေးလေးတွေများတဲ့ နိုင်ငံလေ။ ဒီလိုပွဲမျိုးလုပ်လိုက်ရင် တအားကို ကြည့်ကောင်းမယ်။ ပြီးတော့ တိုင်းရင်းသားလူမျိုးလေးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်တယ်လေ။
ဖိလစ်ပိုင်မှာ၂၁ ရက်နေ့ညဟာ ကျမအတွက် အမှတ်ရစရာ မမေ့နိုင်သော နေ့တစ်နေ့ဖြစ်တယ်။ ပြီးတော့ ဖိလစ်ပိုင်က indigenous နဲ့ cartwheel foundation အဖွဲ့အတွက်လည်း ကျမအများကြီး ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ သူတို့ရဲ့ အကွက်ကျကျ ဖန်တီးမှုနဲ့ စီစဉ်ညွှန်ကြားနိုင်မှုတို့ကို များစွာလေးစားမိတယ်။ နောက်နောင် လည်း ဒီထက်ဆထက်ထမ်းပိုးများစွာ ဆောင်ရွက်ပြီး အောင်မြင်ကျော် ကြားနိုင်ပါစေ။

0 comments:
Post a Comment