နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများ
ကျောင်းတဖက်တက်ရင်း အားတဲ့အချိန်မှာဆိုရင် ကျမတာဝန်ကျတဲ့ International Studies Department မှာ အလုပ်လုပ်ရပါတယ်။ semester တစ်ခုမှာ နာရီ ရ၀ လုပ်ရပါတယ်။ အလုပ်လုပ်ရင်း လုပ်စရာမရှိလို့ နားနေတဲ့အချိန်မှာ ရုံးခန်းက စာအုပ်စင်လေးကို မျက်စိကစားကြည့်လိုက်တယ်။ ဒါနဲ့ Pananaw လို့အမည်ရတဲ့ newsletter လေးကို ကောက်ကိုင် ကြည့်လိုက်တော့ UP (The University of the Philippines Center for Women Studies) က ထုတ်ဝေထားတဲ့ newsletter တစ်စောင်ဖြစ်နေတယ်။
စာအုပ်လေးကို လှန်လှောကြည့်လိုက်တဲ့အခါ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး ဆုရှင် အဖြစ် တကမ္ဘာလုံးမှာ ရှိတဲ့ အမျိုးသမီး အယောက် ၁၀၀၀ကို ယာထားတဲ့ အကြောင်း အရာပဲ ဖြစ်ပါတယ်။ အဲဒီ အထဲက Philippines က အမျိုးသမီး ၂၇ ယောက် ပါဝင်တဲ့ အတွက် ဂုဏ်ယူစွာ အသားပေး ထုတ်ဖော် ရေးသား ထားတာကို တွေ့ရပါတယ်။ ဒါနဲ့ ကျမ နည်းနည်း စိတ်ဝင်စားသွားတယ်။ ရှေ့လျောက် သွက်သွက်ကလေး ဖတ်နေမိတယ်။ မြန်မာပြည်က အမျိုးသမီးရော ဘယ်နှစ်ယောက် ပါမလဲဆိုတဲ့ သိချင်ဇောနဲ့ပေါ့။ ၀မ်းနည်းစွာနဲ့ပဲ အဲဒီ ဖော်ပြထားတဲ့ စာရင်းမှာ မတွေ့ခဲ့ရပါဘူး။ မြန်မာပြည်က အမျိုးသမီးလည်း ပါဝင်ကောင်း ပါဝင်ပါလိမ့်မယ်။ သူတို့ ဖော်ပြဖို့အတွက် နေရာမဆန့်လို့လည်း ဖြစ်ပါလိမ့်မယ်။ နိုင်ငံပေါင်း ၁၅၀ ထက် မနည်းဘူး ဆိုတော့ နိုင်ငံ အားလုံး ကိုတော့ ဘယ် ဖော်ပြနိုင်မလဲနော်။
ဒါပေမယ့်လဲ ၁၉၀၁ ကနေ ၂၀၀၄ ခုနှစ်အထိ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး အကြောင်းတွေကို ခုနှစ် အလိုက် လူနာမည် နဲ့ သူတို့ ဘာအတွက် ရရှိခဲ့တာလဲ ဆိုတာကို အတိုချုံး ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါခဲ့တာကို တွေ့ရပါတယ်။ ကျမ မြန်မာ အမျိုးသမီး တစ်ဦးအနေနဲ့ အင်မတန်ပဲ ၀မ်းသာ ဂုဏ်ယူမိပါတယ်။
ဒီတော့ ဖတ်ရင်းနဲ့ အတွေးတစ်ခု ၀င်လာတာက ဘာဖြစ်လို့ အမျိုးသမီး အယောက် ၁၀၀၀ ကို ငြိမ်းချမ်းရေးဆု ပေးဖို့ ယာယီ စာရင်း တင်သွင်းတဲ့ project ကို လုပ်ရတာလဲလို့။ ဒါနဲ့ အဲဒီ အဖြေကို တွေ့သွားတယ်။ ဒီတော့ ဖတ်မိသမျှ အထဲက ဗဟုသုတ ရမယ်ထင်တဲ့ အရာလေး တစိတ် တပိုင်းကို ဘာသာပြန်ပြီး အောက်ပါအတိုင်းပဲ တတ်စွမ်းသမျှ ရေးသားလိုက်ရပါတော့တယ်။
ဘာဖြစ်လို့ အမျိုးသမီး အယောက် ၁၀၀၀ ကို ငြိမ်းချမ်းရေးဆုပေးဖို့ ယာယီစာရင်း တင်သွင်းတဲ့ project လုပ်ရတာလဲ?

project လှုပ်ရှားမှုအတွက် အမှတ်တံဆိပ်
အဲဒီ project ကို ၂၀၀၃ ခုနှစ်မှာ Maren Haartie နဲ့ Dr. Ruth-Gaby Vermot-Magnold တို့က စတင်တည်ထောင်ခဲ့ပါတယ်။ Maren Haartie ကတော့ (Swiss Peace) ဆွစ် ငြိမ်းချမ်းရေး အဖွဲ့မှ ဖြစ်ပြီး Dr. Ruth-Gaby Vermot-Magnold ကတော့ ဥရောပကောင်စီ (Council of Europe) နှင့် ဆွစ် ပါလီမန် ကောင်စီက အဖွဲ့ဝင် တစ်ယောက်ဖြစ်ပါတယ်။ ဒီ project မှာ Dr က ဥက္ကဌ နေရာကနေ တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။Dr ဟာ ဥရောပကောင်စီ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည့် အားလျော်စွာ ပဋိပက္ခနှင့် စစ်ဖြစ်ပွားရာ နေရာဒေသ တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို အလည်သွားရောက်ခဲ့ပါတယ်။ အဲဒီမှာက သူဘာတွေကို တွေ့ရှိခဲ့သလဲ ဆိုတော့ အမျိုးသမီးတွေဟာ အဲဒီလို အင်မတန် အန္တရာယ်များလှတဲ့ ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် တည်ဆောက်တဲ့ အလုပ်ကို လုပ်ဆောင်နေတာပါပဲ။ ဒီ အမျိုးသမီးတွေဟာ သူတို့မှာ ရှိနေတဲ့ သတ္တိနှင့်အတူ အန္တရာယ် ကျရောက်လာမယ့် ဘေးကို ထည့်မတွေးဘဲ ငြိမ်းချမ်းရေးကို လိုလား တောင်းဆို နေတာပါပဲ။ သူတို့တွေဟာ ငြိမ်းချမ်းရေး တည်ဆောက်မယ့် သူတွေပဲ ဆိုတာ သူလက်တွေ့ကျကျ မြင်တွေ့ ခဲ့ရပါတယ်။ ဒါဟာ သူ ဒီ project ကို ဖွဲ့စည်း တည်ထောင်ဖို့ အတွက် ပထမဦးဆုံး တွန်အားလို့ ဆိုရပါမယ်။ ဒုတိယတွန်းအားကတော့ ၁၉၀၁ ခုနှစ်ကနေ စပြီး ငြိမ်းချမ်းရေး ဆုရှင်တွေကို ရေတွက် ကြည့်လိုက်ရင် အမျိုးသား ဦးရေက ၈၀ ရှိပြီး အမျိုးသမီး ဦးရေ ကတော့ ၁၂ ပဲ ရှိပါသေးတယ်။ အဲဒါကို သူကြည့်ပြီး တဖြည်းဖြည်းနဲ့ ဒီ project ကို တည်ထောင် ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာခဲ့ရပါတယ်။
အဲဒီ ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၁၂ နှစ်ယောက်က ဘယ်သူတွေလဲ?
အဲဒီအမျိုးသမီး ၁၂ နှစ်ယောက်ကတော့.......
၁။ ၁၉၀၅ - သြစတြီးယားနိုင်ငံက Bertha Von Suttnerအပြည်ပြည်ဆိုင်ရာ အမြဲတမ်း ငြိမ်းချမ်းရေး ရုံး မှာ ဥက္ကဌအဖြစ် အလုပ်လုပ်ခဲ့စဉ် သူမရဲ့ အလုပ်အတွက် ဂုဏ်ပြုသော အနေဖြင့်
၂။ ၁၉၃၁ - အမေရိကန်နိုင်ငံက Jane Addamsငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတွင် ဥက္ကဌအဖြစ် အလုပ်လုပ်စဉ် ရရှိခဲ့သောဆု
၃။ ၁၉၄၆ - အမေရိကန်နိုင်ငံက Emily Greene Balchငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတွင် ဥက္ကဌအဖြစ် အလုပ်လုပ်စဉ် ရရှိသောဆု
၎။ ၁၉၇၆ - ဗြိတိန်နိုင်ငံက Betty Williamsအိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်သူအဖြစ်
ဂုဏ်ပြုသောအားဖြင့်
၅။ ၁၉၇၆ - ဗြိတိန်နိုင်ငံက Mairead Corriganအိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်သူအဖြစ်
ဂုဏ်ပြုသောအားဖြင့်
၆။ ၁၉၇၉ - အိန္ဒိယနိုင်ငံက Mother Theresa သာသနာပြု နှင့် လူမှုအကျိုးပြု လုပ်ငန်းအတွက် ဂုဏ်ပြုသောအားဖြင့်
၇။ ၁၉၈၂ - ဆွီဒင်နိုင်ငံက Alva Myrdalဆွီဒင်နိုင်ငံ ဆိုရှယ် ဒီမိုကရက် ပါတီတွင် အထင်ကရ အဖွဲ့ဝင်ပုဂ္ဂိုလ်ဖြစ်ပြီး
နိုင်ငံတစ်နိုင်ငံတွင် လက်နက်များ လျော့ချရေးအစီအစဉ်ကို လှုပ်ရှားဆောင်ရွက်သူအဖြစ်
ဆု ချီးမြှင့်ခံရသူ
၈။ ၁၉၉၁ - မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် သူမရဲ့ အကြမ်းမဖက်သောနည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် ကြိုးပမ်းလှုပ်ရှားမှုအား ဂုဏ်ပြုသော အနေဖြင့်
၉။ ၁၉၉၂ - ကွာတာမာလာနိုင်ငံက Rigoberta Menchu Tum တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများအား လေးစားတန်ဖိုးမှုအပေါ်တွင် အခြေတည်၍ တရားမျှတမှုရှိရေး နှင့် တိုင်းရင်းသားလူမျိုးစုများ ယဉ်ကျေးမှုကို ပြန်လည်ရင်ကြားစေ့ရေး အတွက် သူမရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့်
၁၀။ ၁၉၉၇ - အမေရိကန်နိုင်ငံက Jody Williamsအပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းများ တားမြစ်သော လှုပ်ရှားမှုအဖွဲ့တွင်
ပါဝင်ဆောင်ရွက်ခြင်း
မြေမြှုပ်မိုင်းများ ရှင်းလင်းခြင်းနှင့် တားမြစ်ခြင်းတွင်
ပါဝင်ခဲ့သော သူမရဲ့ လုပ်ဆောင်မှုအတွက်
၁၁။ ၂၀၀၃ - အီရန်နိုင်ငံက Shirin Ebadiသူမရဲ့ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် ကြိုးပမ်းလှုပ်ရှားမှုအား ဂုဏ်ပြုသော အနေဖြင့်
အထူးသဖြင့် အမျိုးသမီး နှင့် ကလေးသူငယ် အခွင့်အရေးအတွက် သူမရဲ့ ကြိုးပမ်းလှုပ်ရှားမှု
၁၂။ ၂၀၀၄ - ကင်ညာနိုင်ငံက Wangari Maathai သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် တတပ်တအား ပါဝင်ခြင်းအပေါ် ဂုဏ်ပြုသော အားဖြင့်
Source: Pananaw, The Official Newsletter of the University of the Philippines Center for Women's Studies, Vol XV No.2, ISSN 0115 9844






0 comments:
Post a Comment